အရွယ်ရလာချိန်မှာတောင် မှတ်မိနိုင်စွမ်း လျော့မသွားစေဖို့ အသက် ၃၀ ကျော်လာရင် လုပ်ပေးသင့်တာလေး ၅ ခု
နာမည်ကို ပါးစပ်ဖျားလေးတင် မေ့နေတာ၊ ခုလေးတင်ထားပြီး ခုလေးတင်မေ့နေပြီဆိုရင် အသက်ရလာလို့တင်တယ် မေ့တတ်လာပြီလို့ ညည်းတတ်ကြတယ်နော်။ ဒီလိုမျိုး အသက်အရွယ် ရလာချိန်မှာ မှတ်မိနိုင်စွမ်းတွေ လျော့နည်းလာပြီး ခဏခဏ မေ့တတ်တာမျိုး မဖြစ်အောင် လုပ်ပေးရမယ့် အရာလေးတွေ ရှိပါတယ်။ ဒါက ဘယ်လို အရာလေးတွေ ဖြစ်မလဲဆိုတာကို သိရအောင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်နော်။
အသက် ၃၀ နောက်ပိုင်းမှာလည်း မှတ်မိနိုင်စွမ်း လျော့မသွားစေဖို့ ဆိုရင် -
ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေသလို ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် အသက် ၃၀ ကျော်ပြီဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာပြီး မှတ်မိနိုင်စွမ်း လျော့ကျခြင်း ကင်းစေဖို့ တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု လုပ်ပါ။
အိပ်ရေးဝဝ အိပ်ပါ
ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်သလို မှတ်မိနိုင်စွမ်းလည်း ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ညဉ့်နက်အထိ အိပ်ရေးပျက်ခံတာမျိုး မလုပ်ဘဲ အိပ်ရေးဝဝအိပ်ပါ။
အာဟာရ ပြည့်ဝအောင် စားပါ
အာဟာရ ပြည့်ဝမှုက ဦးနှောက်ကို ကျန်းမာစေပြီး မှတ်မိနိုင်စွမ်းကျဆင်းတာကိုလည်း အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်း ထိခိုက်မှု ကင်းစေဖို့ အာဟာရ ပြည့်ဝအောင် စားဖို့ မမေ့ပါနဲ့။
နေ့စဉ် စားသုံးမှုမှာ ဦးနှောက် ကျန်းမာရေးကို ထောက်ကူပေးနိုင်မယ့် အဆီများတဲ့ ပင်လယ်ငါး၊ အဆီမပါတဲ့ အသား၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက် ပစ္စည်း အမျိုးမျိုး၊ အသီးအရွက် စတာတွေကို မျှတအောင် စားပေးပါ။ ရေလုံလောက်အောင် သောက်ဖို့လည်း မမေ့ပါနဲ့။
ဂိမ်းဆော့ပါ
ကွန်ပျူတာနဲ့ ပိုကာဆော့တာ၊ အတုံးစီတဲ့ ဂိမ်းတွေ ဆော့တာ၊ puzzle တွေဆော့တာက စိတ်ကူးဉာဏ်ကို ရင့်သန်စေသလို မှတ်မိနိုင်စွမ်းလည်း ကောင်းစေပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာချိန်မှာ မှတ်မိနိုင်စွမ်း မကျစေဖို့ဆိုရင် ဂိမ်းဆော့ပါ။
စိတ်ဖိစီးမှု ဖြေလျော့ပါ
စိတ်ဖိစီးမှုတွေကလည်း မှတ်မိနိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေပါ။ ဒါကြောင့် အသက်ရလာချိန်မှာ မှတ်မိနိုင်စါမ်း ကျဆင်းတာကို ကာကွယ်ဖို့ဆိုရင် စိတ်ဖိစီးမှု ပြေလျော့စေနိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ သီချင်းနားထောင်တာ၊ ဟာသတွေ ကြည့်တာ၊ စာအုပ်ဖတ်တာမျိုးတွေ လုပ်ပေးပါ။
ဒီနည်းလမ်းလေးတွေကို ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် ဦးနှောက်ကို ကျန်းမာစေပြီး မှတ်မိနိုင်စွမ်းကျဆင်းတာကို အတိုင်းအတာ တစ်ခုအထိ တားဆီးပေးနိုင်မှာပါ။
မွန်မွန်